Why take risk?

November 12, 2007

စာအုပ် တစ်အုပ်ထဲရေးပြီး နာမည်အရမ်းကို ကြီးသွားတဲ့ စာရေးဆရာကြီး တစ်ယောက်ဟာ သူနာမည်စပြီး ရကတည်းက လူတွေနဲ့ မတွေ့တော့ပဲ… ဇာတ်မြုပ်ပြီး နေတယ်။ သူ့ကို ပြန်ရှာဖွေတွေ့ရှိခဲ့သူက စာရေးတာကို သွေးထဲသားထဲကနေ ဝါသနာပါတဲ့ ၁၆ နှစ်သားလေးတစ်ယောက်ပါ။

စာရေးဆရာကြီးအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ အသုံးအဆောင်တွေကို လူတစ်ယောက်က ပုံမှန်လာပို့ပေးပြီး သူကိုယ်တိုင်တော့ အပြင်မထွက်သလောက်ပါပဲ။ တစ်ရက် ကောင်လေးလည်းရှိနေတုန်း အဲ့ဒီပစ္စည်းပို့ပေးတဲ့လူ ရောက်လာပြီး ပစ္စည်းတွေ လာပို့ပါတယ်။ အဲ့ဒီတော့ စာရေးဆရာကြီးလည်း သူ့ခြေအိတ်ကို… ချွတ်ပြီး အသစ်ကို ဖောက်ဝတ်ပါတယ်။ ဝတ်တာက အတွင်းအပြင် ပြောင်းပြန်လှန်ပြီး ဝတ်တာပါ။

၀တ်တော့ ကောင်လေးက မေးပါတယ်။ ဘာလို့ အဲ့လို ဝတ်တာလဲပေါ့။ ဆရာကြီးက ပြန်ဖြေတယ်။ “ခြေအိတ်က အပြင်အသားကို ဦးစားပေးပြီး ချုပ်ချုပ်ထားတတ်ကြလို့ အဲ့လိုဝတ်ရတာ ပိုပြီး သက်တောင့်သက်သာ ရှိလို့ပါ” တဲ့။

ဆရာကြီးကပဲ ဆက်ပြီး… “အရှေ့တိုင်းမှာ အဲ့လိုဝတ်တာ ပိုပြီး ကောင်းတယ်ဆိုတဲ့ အယူအဆ ရှိတယ် ကောင်လေး” တဲ့။ ကောင်လေးက ချက်ချင်းပဲ “ဆရာကြီးက အဲ့တာတွေ ယုံတယ်လား” တဲ့။

ဆရာကြီး ပြန်ဖြေပုံလေးကို အရမ်းသဘောကျပါတယ်။ နှစ်ကြောင်းထဲပါ။

“ငါတို့တွေ ဘုရားစာ ရွတ်ကြသလိုပဲ ပေါ့ကွာ။ Why take risk?” တဲ့။

အဲ့ဒီ dialogue ကို တော်တော် သဘောကျမိပါတယ်။ Finding Forrester ဆိုတဲ့ ရုပ်ရှင်ပါ။

Profile picture
Written/Curated by Max Koni
← Back to Blog